Friday 26 December 2008

ဂုဏ်ယူပါတယ် ညီမငယ်

၁၉၈၈ ဆယ်ကျော်သက်ရွယ် ညီမငယ်
ဒီမိုကရေစီ ရရှိရေးအတွက်
အတူလက်တွဲချီတက်ခဲ့ကြ
ဂုဏ်ယူပါတယ် ညီမငယ် ။

၁၉၉၁ အထက်တန်းကျောင်းသူ ညီမငယ်
အင်းစိန်ထောင်တွင်း
အချုပ်ခန်းဝယ်ဆုံကြပြန်တယ်
ဂုဏ်ယူပါတယ် ညီမငယ် ။

၁၉၉၆ နောက်တကျော့ပြန်
အင်းစိန်ထောင်သို့ 
နှစ်ရှည်ခရီးထွက်သွားပြန်တယ်
ဂုဏ်ယူပါတယ် ညီမငယ် ။

၂၀၀၅ သာယာဝတီမင်းသမီး
နှစ်ရှည်ခရီး အိမ်ပြန်ရောက်တယ်
ဂုဏ်ယူပါတယ် ညီမငယ် ။

၂၀၀၆ ပါရမီဖြည်ဖက်
ကြင်ရာဖက်ကို
ဒီမိုကရေစီ တိုက်ပွဲဝင်ကျောင်းသား
မင်းယောကျော်းကို လက်ဆက်ခဲ့တယ်
ဂုဏ်ယူပါတယ် ညီမငယ် ။

၂၀၀၇ အဖြူရောင်campaign
တိုက်ပွဲဝင်ရင်း
ရင်နှစ်သဲချာ သမီးရတနာ
ဖြူနေခြည် ကိုမွေးဖွားခဲ့တယ်
ဂုဏ်ယူပါတယ် ညီမငယ် ။

ယခု ၈၈ရဲ့ မျိုးဆက် သတ္တိသွေးနဲ့ 
ယောကျော်းကိုခွဲ
သမီးကို အမေ့ လက်အပ်လို့ 
မပြီးပြတ်သေးတဲ့ တိုက်ပွဲအတွက်
ရှေ့ကိုဆက်လို့ တိုက်ပွဲဝင်ဆဲ.......
ဂုဏ်ယူပါတယ် ညီမငယ် ။

ယုဝသုဏ်၂၃၊၀၈၊၂၀၀၇
(ငြိမ်းချမ်းရေး တိုက်ပွဲဝင်နေသော ညီမငယ် နီလာသိန်း အတွက် )
ကျမ လွန်ခဲတဲ့ တနှစ်ကျော် ကရေးထားတဲ့ ကဗျာလေး တပုဒ် ပါ ။
ဒီကဗျာကို ကျမ ထပ်ပြီး ဖြည့် မရေးချင်တော့ဘူး။




မညီမျှတဲ့ ညီမျှခြင်း
ဗမာပြည်သား တယောက်
တိုးတက်နေတဲ့ တိုင်းပြည်တခုမှာ
ခောတ်မှီ ပညာသင်ကြားရင်း
ဒီမိုကရေစီရှိတဲ့ တိုင်းပြည်မှာ
နေခွင့်ရဘို့ အစဉ်ပြေဘို့ 
ဇမ်ခံကားစီးရင်း
၁၀စုနှစ် ကာလတခုကို
ဖြတ်သန်းခဲ့တယ် ။

ဗမာပြည်သားတယောက်
ဆင်းရဲမွဲတေပြီး တရားမရှိတဲ့တိုင်းပြည်မှာ
သင်စရာပညာမရှိ
နေစရာထောင်ရှိ
စီးစရာ ၀ှီးချဲကိုစီးရင်း
ယုံကြည်ချက် နဲ့  ဒီမိုကရေစီရရှိဘို့ အတွက်
၁၀ စုနှစ် ကာလတခုကို
အသက်ပေးရင်း
ဖြတ်သန်းခဲ့တယ် ။

ထိုအရာသည်ကား
လူသားနှစ်ဦး သက်တမ်းတခု
တူသည်ငြားလည်း
မညီမျှတဲ့
တူညီချင်းပါတကား ။

ယုဝသုဏ်၆၊၁၀၊၂၀၀၆

ယုံကြည်ချက်နဲ့ ဒီမိုကရေစီရရှိဘို့ တွက် တိုက်ပွဲဝင်ရင်း
ကျဆုံးသွားတဲ့ ကိုသက်ဝင်းအောင် အတွက် ။